Wednesday, January 14, 2015

ဂျိမ်းစ်လှကျော်


ဂျိမ်း​စ်လှ​ကျော်(မြန်မာ၁၂၂၈-၁၂၈၁)

မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၉၆ ခုနှစ်တွင် မြန်မာ နိုင်ငံတော် တခုလုံးကို အင်္ဂလိပ်တို့ တိုက်ခိုက် သိမ်းပိုက် လိုက်ပြီး သည့်နောက် ရေးသား ပေါ်ပေါက် ခဲ့ကြသည့် နှောင်းခေတ် မြန်မာ ဝတ္ထုများ အနက် အင်္ဂလိပ် သက္ကရာဇ် ၁၉ဝ၁ ခုနှစ်တွင် ဗြိတိသျှ ဘားမား ပုံနှိပ်တိုက်မှရိုက်နှိပ် ထုတ်ဝေသော ဂျိမ်းစ်လှကျော်၏ 'မောင်ရင်မောင် - မမယ်မ' ဝတ္ထုမှာ ရှေးအကျဆုံးသော မြန်မာဝတ္ထု ဟူ၍ပင် ဆိုရပေမည်။
စင်စစ် ဤဝတ္ထုမှာ ပင်ကိုဉာဏ်ဖြင့် ရေးသား ထုတ်ဝေသော ဝတ္ထု မဟုတ်။ ပြင်သစ် စာရေး ဆရာကြီး အလဇ္ဇန္နား ဒူးမား (Alexander Dumas) ၏ 'မွန်တီကရစ္စတို မြို့စားကြီး' ဝတ္ထု (The Count of Monte Cristo) ကို မှီး၍ ရေးသား ထားခြင်း မျှသာ ဖြစ်ပေသည်။
မည်သို့ပင် ဖြစ်စေ ရှေးအခါက ဤဝတ္ထုမျိုး တခါမျှ မပေါ်ပေါက် ဖူးသေး သောကြောင့် အထူး နှစ်ခြိုက် သဘောကျ ပေသော 'မောင်ရင်မောင် မမယ်မ' ဝတ္ထု ရေးဆရာ ဂျိမ်းစ် လှကျော်၏ အတ္ထုပ္ပတ္တိနှင့် ပတ်သက်၍ သော်ကား၊

အတ္ထုပ္ပတ္တိ

ဂျိမ်းစ် လှကျော်ကို တောင်ငူ ခရိုင် ရွှေကျင်မြို့ မင်းလမ်းတွင် (အင်္ဂလိပ်သက္ကရာဇ် ၁၂၂၈ - ၁၂၈၁) သက္ကရာဇ် ၁၂၂၈ ခုနှစ် ပထမ ဝါဆိုလဆန်း ၁ဝ ရက် ဗုဒ္ဓဟူးနေ့က ဖွားမြင် ခဲ့ပါ၏။ အဖမှာ ဦးစွပ်၊ အမိမှာ ဒေါ်ဆိုင်းတို့ ဖြစ်ကြသည်။

သို့ရာတွင် အမိ၊ အဖတို့မှာ မောင်လှကျော် ငယ်ရွယ်စဉ် ကပင် ကွယ်လွန် သွားကြ သဖြင့် အဒေါ် ဖြစ်သူ ဒေါ်မျှင်နှင့် ခင်ပွန်းသည် စစ်ကဲ ဦးညိုတို့က ကျွေးမွေးသုတ်သင် လာခဲ့ကြရသည်။ ထို ဦးညို - ဒေါ်မျှင် တို့မှာ ပထမသော် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြငြားလည်း တစတစဖြင့် ခရစ်ယာန် ဘာသာကို သက်ဝင် ယုံကြည်လာကြကာ နောက်ဆုံးတွင် ဗုဒ္ဓဘာသာကို လုံးဝ စွန့်ပစ်ထားကြသူများ ဖြစ်ရကား၊ မွေးစားသား မောင်လှကျော် အားလည်း ခရစ်ယာန် ဘာသာ ထုံးစံအတိုင်း နှစ်ခြင်း မင်္ဂလာဖြင့် 'ဂျိမ်းစ် လှကျော်' ဟု ခေါ်ဝေါ် တွင်မှတ် ကြစေသည်။

သို့နှင့် ဂျိမ်းစ် လှကျော်သည် ပထမ ဦးစွာ ရွှေကျင် မြို့ပေါ်ရှိ အင်္ဂလိပ် - မြန်မာ အစိုးရ ကျောင်းတွင် ၇ တန်း အောင်မြင်သည် အထိ သင်ကြား ပြီးနောက် ရန်ကုန် မြို့သို့ ပြောင်းရွှေ့ကာ ဆရာမှတ် ကျောင်းတွင် ပညာ ဆက်လက် ဆည်းပူးသည်။ ထိုမှတဆင့် ရန်ကုန် ဟိုက်စကူး ကျောင်းသို့ ပြောင်းရွှေ့ လိုက်ပြန်ကာ ထိုကျောင်း မှပင် ထိုစဉ်က ခေါ်သော 'ဘင်္ဂလား စာမေးပွဲ' ခေါ် 'အိုင်-အေ' စာမေးပွဲကို အောင်မြင် သွားလေသည်။

ဂျိမ်းစ် လှကျော်သည် ဟိုက်စကူး ကျောင်းမှ အသက် ၂ဝ ခန့်တွင် ထိုသို့ အောင်မြင် သွားချိန် သည်ကား အထက် မြန်မာနိုင်ငံတော် ကိုပါ အင်္ဂလိပ်များ သိမ်းပိုက် လိုက်သော အချိန်ပင် ဖြစ်ပေသည်။ ထိုအခါ အခွင့်လည်း ကြုံသည်နှင့် ဂျိမ်းစ် လှကျော်သည် အင်္ဂလိပ် စစ်မင်းကြီး၏ စကားပြန် အဖြစ်ဖြင့် အထက် မြန်မာ နိုင်ငံတော်သို့ လိုက်ပါ သွားခဲ့သည်။ မန္တလေး မြို့တော်သို့ ရောက်လျှင် ထိုစကားပြန် အလုပ်၌ပင် အမှုထမ်း နေစဉ် အတွင်း နန်းတော်သုံး ကျောက်ကုန်သည် ဦးထယ်၏ သမီး မန္တလေး မြို့ရိုးတွင်းနေ ခင်လေးငယ် ခေါ် ခင်ခင်ငယ် ဆိုသူနှင့် ရေစက်ဆုံကာ သမီး တင်တင် ကို ရရှိ ခဲ့လေသည်။

ထို့နောက် မန္တလေး မြို့မှ ရန်ကုန် မြို့သို့ ပြန်လည် ပြောင်းရွှေ့ လာခဲ့ပြီး စာတော်ပြန် ဌာနတွင် ၃ နှစ်ခန့်မျှ စာတော်ပြန် အဖြစ် ထမ်းရွက် နေလေသည်။ ထိုအတော အတွင်း ဂျိမ်းစ် လှကျော်သည် အအား မေနေပေ။ လက်လှမ်းမီရာ စာပေ ဗဟုသုတ များကို ဆည်းပူးလျက် ဒုတိယတန်း ရှေ့နေ စာမေးပွဲနှင့် မြို့အုပ် စာမေးပွဲ များကို ဝင်ရောက် ဖြေဆို အောင်မြင်သည်။ ထို့နောက်မှ ဘုရင်ခံ အိမ်တော်တွင် စာတော်ပြန် မြို့အုပ် အဖြစ် ငါးနှစ်ခန့် လုပ်ကိုင် ပြန်သေး၏။ ပြီးမှ ဟံသာဝတီ ငွေတိုက် ဝန်ထောက် အဖြစ် ခန့်အပ်ခြင်း ခံရ၍ ရန်ကုန်မြို့ တွင်ပင် ၃ နှစ်ခန့် ဆက်လက် နေထိုင်သည်။

ထိုမှ တဖန် စစ်ကိုင်း၊ ချောင်းဦး၊ ဘုတလင် မြို့များတွင် ငွေတိုက် ဝန်ထောက် ဘဝ၊ မြို့အုပ် ဘဝ အဖြစ် အမှု ထမ်းပြီး သည့်နောက် နောက်ဆုံးတွင် မြင်းမူမြို့၌ နယ်ပိုင် ဝန်ထောက် အဖြစ် ထမ်းရွက်ရင်း မကျန်းမမာ သဖြင့် ခွင့်ယူကာ ရန်ကုန်မြို့သို့ ပြန်ခဲ့သည်။ ရန်ကုန်မြို့ တွင်လည်း ရောဂါ၏ အခြေအနေမှာ သက်သာသည် မရှိသဖြင့် ဂျိမ်းစ် လှကျော်သည် ၃၇ နှစ် အရွယ်တွင် အလုပ်မှ နုတ်ထွက် လိုက်လေသည်။

သို့ရာတွင် အ အား အလကား ကား မနေပေ။ ရန်ကုန်မြို့ စဉ့်အိုးတန်း အထက်တန်းတွင် နေထိုင်ကာ ရှေ့နေ လိုက်ရင်း ဥပဒေ ကျောင်းနှင့် မြို့အုပ်၊ နယ်ပိုင် သင်တန်း ကျောင်းများကို ဖွင့်လှစ် သင်ကြား နေလေသည်။ တဖက် မှလည်း အားလပ်ချိန် ရတိုင်း ဥပဒေ စာအုပ်များ၊ ဝတ္ထု စာအုပ်များကို ရေးသား ထုတ်ဝေ ခဲ့ပါ၏။ 'မောင်ရင်မောင် မမယ်မ' ဝတ္ထုမှာ ထိုအချိန် အခါက ပေါ်ပေါက် လာခဲ့ရသော ဝတ္ထုပင် ဖြစ်ပေသည်။ ထို့အပြင် ထိုစဉ်က ရန်ကုန်မြို့တွင် ထုတ်ဝေလျက် ရှိသော 'သည်ဘားမား ကရဂစ်တစ်' (The Burma Critic) သတင်းစာ တွင်လည်း ဝတ္ထု တစ်ပုဒ်ကို အပတ်စဉ် ရေးသား ပေးပို့သေး၏။ မည်သည့် ဝတ္ထု ဟူ၍မူ အမှတ်အသား မရှိ ဖြစ်ခဲ့သည်။

ဂျိမ်းစ် လှကျော်သည် ဟံသာဝတီ သတင်းစာ ဆရာ၊ မြန်မာ အဆွေ သတင်းစာ ဆရာ အဖြစ်လည်း လုပ်ကိုင် ဖူးသေး၏။ ဤသို့လျှင် မနား မနေပင် စာရေး၊ စာဖတ်၊ စာသင် ပြုလုပ် နေရင်းက သွက်ချာပါဒ ရောဂါ စွဲကပ် လာကာ လက်ဝဲလက် တခုလုံး သွေး လေ မလျှောက်ဘဲ သေသွားရသည့် အဖြစ် သို့ပင် ဆိုက်ခဲ့ ရပေသည်။ သို့နှင့် ဆရာဝန်၏ ညွှန်ကြားချက် အရ ပူရာ ဒေသ ဖြစ်သည့် မိတ္ထီလာ မြို့သို့ ပြောင်းရွှေ့ နေထိုင်ရ ပြန်သည်။

မိတ္ထီလာ မြို့တွင်လည်း အအား မနေသေး။ ဥပဒေကျောင်း ဖွင့်ပြန်ကာ ဥပေဒ ပညာရပ် များကို သင်ကြား ပို့ချ ပေသေး၏။ ထိုကမှ တဖန် ၁၉၁၂ ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့တွင် ရွှေဘိုမြို့သို့ ပြောင်းရွှေ့ကာ ရောဂါ ဝေဒနာလည်း သက်သာ လာသည့် အလျောက် ထိုမြို့တွင် အခြေစိုက် တော့သည်။

ဂျိမ်းစ် လှကျော် အတွက်ကား ရွှေဘိုမြေကို နင်းမိသည်နှင့် တပြိုင်နက် အကယ်ပင် အောင်မြကို နင်းမိခြင်းပင် ဖြစ်တော့၏။ အဘယ့်ကြောင့် ဟူမူ များမကြာမီ အတွင်း မွေးစား အမိ၊ အဖ တို့ကို နွယ်၍ ခရစ်ယာန် ဘာသာဝင် ဖြစ်လာရ ရှာသော မစ္စတာ ဂျိမ်းစ် လှကျောက်သည် မည်သူ၏ တိုက်တွန်းချက်မှ မပါဘဲ မိမိ၏ အလိုအလျောက်ပင် ဗုဒ္ဓ ဘာသာသို့ ကူးပြောင်း သွားခဲ့သည်။ ကူးပြောင်း ရုံမျှမက သက္ကရာဇ် ၁၂၈ဝ ပြည့်နှစ် (အင်္ဂလိပ် သက္ကရာဇ် ၁၉၁၉ ခုနှစ်) တွင် အလောင်းမင်း တရားကြီး၏ ကုသိုလ်တော် တစ်ရပ် ဖြစ်သော မြတ်သိန်းတန် စေတီတော်ကို ပြန်လည် ပြုပြင် မွမ်းမံလျက် ၁၂၈၁ ခုနှစ်တွင် ထီးတော်ပင် တင်သေးသည်။

သို့ရာတွင် ဝမ်းနည်းဖွယ် ကောင်းသည်ကား မြတ်သိန်းတန် ဘုရားကို ထီးတော် တင်သည့်နှစ် သက္ကရာဇ် ၁၂၈၁ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၁ ရက်နေ့တွင် ဂျိမ်းစ် လှကျော် ခေါ် ဦးလှကျော်မှာ အဖျား ရောဂါဖြင့် အနိစ္စ ရောက်ရ ရှာလေသည်။ကြွင်းကျန် ရစ်ခဲ့သော သမီး၊ သား၊ မြေး တစု တို့က ဆရာကြီး၏ 'အရိုးအိုးဂူ' ကို ဆရာကြီး၏ ကောင်းမှု ဖြစ်သော မြတ်သိန်းတန် ဘုရားတံတိုင်း အတွင်းမှာပင် တည်ထား ကိုးကွယ်ကြ ကုန်သည်။

ဂျိမ်းစ် လှကျော်သည် အထက် ဖော်ပြရာပါ ဝတ္ထုများ အပြင် မြို့အုပ် အလုပ်ကို လုပ်စဉ်က ကိုယ်တွေ့ အဖြစ်အပျက်များ ပါဝင်သော 'ကိုမြို့အုပ်' ဝတ္ထု၊ 'မောက်လင်' ဝတ္ထုနှင့် အခြား ဝတ္ထုများ ကိုလည်း ရေးသား ခဲ့ပါသေး၏။ စက်တင် ပုံနှိပ် ထုတ်ဝေခြင်း မရှိခဲ့ချေ။ ထိုဝတ္ထုများမှ တပါးလည်း ဥပဒေနှင့် သက်ဆိုင်သည့် ဥပဒေ မေးခွန်းပုစ္စာ အဖြေကျမ်းနှင့် ဓမ္မသတ် မေးခွန်း ပုစ္စာ အဖြေ များကို လည်းကောင်း၊ ရှေ့နေ ဥပဒေ မေးခွန်း ပုစ္စာ ၈ နှစ် အတွက်နှင့် ရှေ့နေ စာမေးပွဲ အောင်မြင်ရန် လမ်းညွှန် စာတမ်း ၂ စောင် တွဲကို လည်းကောင်း ရေးသား ခဲ့ပေ သေးသတည်း။

ရည်ညွှန်းကိုးကား

  • စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မောင်သုတ (ခ) ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစု၊ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်၊ ရာပြည့် စာအုပ်တိုက်၊ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂။
  • ရှုမဝ မဂ္ဂဇင်း၊ အတွဲ ၁၂၊ အမှတ် ၁၁၃ လာ ဒဂုန် ရွှေပြည်စိုး၏ 'ဂျိမ်းစ် လှကျော်' အတ္ထုပ္ပတ္တိ။
  • မန္ဈလေးမြို့ ကြီးပွားရေး စာပုံနှိပ်တိုက်ထုတ် 'မောင်ရင်မောင် မမယ်မ' ဝတ္ထုလာ ဂျိမ်းစ် လှကျော်၏ မြေး 'ခင်ထားဦး' ရေး 'စာရေးဆရာကြီး ဂျိမ်းစ် လှကျော်' အတ္ထုပ္ပတ္တိ။

မင္းသိခၤ

မင်းသိင်္ခသည် မြန်မာအမျိုးသားစာရေးဆရာတစ်ဦး ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြံဆမှုရှိသော ဝတ္ထုတိုရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသားကောင်းသူတစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင်ပြောင်းလဲခြင်းမှ စပြီး အတတ်ပညာများ၊ လက်တွေ့ရုပ်ဝတ္ထုများ နှင့် အောင်မြင်ပျော်ရွှင်မှုများ ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာသဘောတရားများကို ပုဏ္ဏားဘကွန်း၊ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်နှင့် ပြည်ကြီးမဏ္ဍိုင်မြကြီးစသော ဝတ္ထုများတွင် ထည့်သွင်းဖော်ပြခဲ့သည်။ 

အစ

မင်းသိင်္ခ ၏အမည်ရင်းမှာ ဦးအောင်ထွန်းဖြစ်ပါသည်။ ဦးအောင်ထွန်းကို ၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက် ဘိုးလိန်းလမ်းနေ ပန်းချီဆရာကြီး ဦးစံရှိန်နှင့် ဇနီး ဒေါ်တင်တို့မှ မွေးဖွားပါသည်။ မွေးချင်း ၆ ယောက်အနက် အကြီးဆုံးသားကြီး ဩရသဖြစ်သည်။

ပညာသင်

ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပါပြီး အေဗီကောလိပ်ကျောင်း၌ ၁၀ တန်းအထိ ပညာသင်ကြားခဲ့ပါသည်။

စာပေရေးသားခြင်း

ကျောင်းသားဘဝကပင် စာပေများကို စတင်ရေးသားခဲ့ပါသည်။ ၁၉၆၉ တွင် မင်းသိင်္ခဟူသော အမည်ကိုခံယူပြီးနောက် ဆားပုလင်းနှင်းမောင်ဟူသော ဇာတ်ကောင်ကို ဇာတ်လိုက်ထား၍ စုံထောက်ဝတ္ထုများ ရေးသားခဲ့ရာ မင်းသိင်္ခဟူသော အမည်ကို ပရိသတ် တဖြည်းဖြည်း သိလာခဲ့သည်။

အလုပ်အကိုင်

၁၉၅၈ ခုနှစ်၌ တပ်မတော်သို့ဝင်ရောက် အမူ့ထမ်းခဲ့သည်။ ၅ နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် တပ်မတော်မှထွက်ပြီး ချောက်မြို့တွင် နေထိုင်ခဲ့ပါသည်။ ချောက်မြို့တွင် ဆီစက် ညစောင့်ဘဝ၊ စပါးအင်စပက်တော်ဘဝ၊ ဆန်စက်မန်နေဂျာ ဘဝတို့ဖြင့် ကျင်လည်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မြန်မာစာပေလောကတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည့် မနုစာရီ လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ အကြိမ်ကြိမ်ထုတ်ဝေခဲ့ရပြီး ဂျပန်ဘာသာ သို့လည်း ပြန်ဆိုခြင်းခံရသည်။ ဆရာကြီးရေးသော အခြားဝတ္ထုဇာတ်လိုက်များမှာ ပုဏ္ဏားဘကွန်း၊ စနေမောင်မောင် တို့ဖြစ်သည်။ ၁၉၇၈ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းဝတ္ထုပေါင်း ၇၀ ရေးသားခဲ့သည်။

ဗေဒင်ဟောခြင်း

၁၉၆၉ ခုနှင်စ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဗေဒင်ဆရာဘဝကို စတင်ခဲ့သည်။ ထိုအချိန်မှစ၍ မင်းသိင်္ခဟူသော အမည်ကို ခံယူခဲ့သည်။ ၁၉၇၈ တွင် ရန်ကုန်မြို့၌လည်း ဗေဒင်များစတင် ဟောခဲ့သည်။ ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏနေအိမ်မှ မဟာဂန္ဓာရီခရီးအဓိဌာန် ၃ နှစ်ခရီး ထွက်ခွာခဲ့သည်။ ခရီးမှအပြန်တွင် မှော်ဘီမြို့အစွန်ရှိ အယူတောမင်္ဂလာခြံဝင်းကျယ်ကြီးတွင် တပည့်ပေါင်းများစွာနှင့် အတူနေထိုင်ခဲ့သည်။

ဦးစီး ထုတ်ဝေ

ဦးစီးထုတ်ဝေသော ဂျာနယ် မဂ္ဂဇင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • မနောမယဂန္ဘီရဂျာနယ်၊
  • မနောကြာဖြူမဂ္ဂဇင်း၊
  • မဟာမြိုင် မဂ္ဂဇင်း၊
  • မနုစာရီ မဂ္ဂဇင်း၊
  • မြရီသီတာ မဂ္ဂဇင်း နှင့်
  • ရောင်ပြန် မဂ္ဂဇင်း

စာရေးဆရာဘဝ

၁၉၇၅ ခုနှစ်တွင် မင်းသိင်္ခ ကလောင် အမည်ဖြင့် ဆားပုလင်းနှင်းမောင် စုံထောက်ဝတ္ထုများကို ရေးသားခဲ့သည်။ မနုစာရီ လုံးချင်းဝတ္ထုကို ပထမအကြိမ် ထုတ်ဝေရာတွင် အောင်မြင်မှုမရရှိပေ။ ဒုတိယအကြိမ်ထုတ်ဝေသောအခါမှ အောင် မြင်မှုရရှိခဲ့သည်။ ပုဏ္ဏားဘကွန်း နှင့်စနေမောင်မောင် ဝတ္ထုများလည်းထွက်ရှိကာ လူကြိုက်များခဲ့သည်။
ဆရာကြီးမသေဆုံးမီ နောက်ဆုံးထွက်ခဲ့သည့်စာအုပ်များမှာ မကွယ်လွန်မီတစ်လခန့်က လာဘ်မိုးဆွေစာအုပ်တိုက်မှ မြရာရွှေပြည်မင်းသမီး လုံးချင်းဝထ္တု၊ မရမ်းတလင်းစာအုပ်တိုက်မှ ယတြာချေနည်းစာအုပ်၊ ပြုံးပန်းတရာစာအုပ်တိုက်မှ ထီးထိုးနည်း စာအုပ်များ ဖြန့်ဝေခဲ့ပြီး ဆက်လက်ထုတ်ဝေရန် စာပေစီစစ်ရေးမှ ခွင့်ပြုသည့်စာအုပ်များ ကျန်ခဲ့သေးသည်။
၁၉၇၆ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းစာအုပ် စုစုပေါင်း အုပ်ရေ ရ၀ ကျော်ရေးသား ထုတ်ဝေခဲ့သည်။

မင်းသိင်္ခနှင့် နိုင်ငံရေး

မင်းသိင်္ခသည် ၁၉၆၅ မှ ၁၉၇၀ အထိ အင်းစိန်ထောင်တွင် အကျဉ်းကျခံခဲ့ရသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆရာမင်းသိင်္ခက အိုင်ဒီယာမဂ္ဂဇင်း (၂၀၀၄ ဇန်နဝါရီလထုတ်)တွင် အောက်ပါအတိုင်း ပြောပြထားသည်။ “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်လေ၊ အစိုးရနဲ့ သောင်းကျန်းသူနဲ့ လုပ်တဲ့အခါမှာ ကိုယ်က ကြားထဲက တရားဟောတယ်။ အဲဒီတုန်းက ပြည်သူ့ကော်မတီဆိုတာ ပေါ်ပြီလေ။ ငြိမ်းချမ်းရေးကို ဖြစ်အောင်လုပ်ပါ။ လူကြီးတွေ အညွှန်းတွေအတိုင်း တရားလိုက်ဟောတယ်။ ငြိမ်းချမ်းရေးလည်း ပြီးရော သောင်းကျန်းသူက တောထဲပြန်တယ်၊ ကိုယ်တို့က ပြန်စရာ မရှိဘူး။ ဆွဲကုတ်လိုက်တာပေါ့။”
မင်းသိင်္ခ၏ နောက်ဆုံးနှစ်များတွင် ဗေဒင်မေးသည့်ပရိသတ်များနှင့် ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မရမ်းတလင်းကျေးရွာတွင် သွားရောက်နေထိုင်ခဲ့သည်။ သို့သော်လည်း ၎င်းနေထိုင်ရာ အယူတော်မင်္ဂလာခြံတွင် ဗေဒင်ပရိသတ်များ အဆက်မပြတ် ခဲ့ပေ။ “နိုင်ငံရေး ထောင်ထွက်တွေ သူ့ဆီသွားရင် ဗေဒင်မေးမယ့်လူတွေကြားမှာ တန်းစီစောင့်စရာမလိုဘူး၊ သူတပည့်ကို ဂေါ်နိုက် (၅ည)လို့ပြောခိုင်းရင် ချက်ချင်းခေါ်တွေ့တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ဆိုသည်။
၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်း ဟောပြောချက်များကြောင့် စစ်အစိုးရက မင်းသိင်္ခကို အင်းစိန်ထောင်အတွင်းသို့ ထပ်မံပို့ဆောင်ခဲ့သည်။ (ရှစ်ဂဏန်းနှင့် ပါတ်သက်ပြီးယုံကြည်စွဲလမ်းမှု တစ်မျိုးရှိနေသူ မင်းသိင်္ခသည် ၁၉၈၈ နှောင်းပိုင်းကလည်း နိုင်ငံရေးနှင့်ပတ်သက်ပြီး ရှေ့ရေးအလားအလာအချို့ကိုထင်ရှားပြတ်သားစွာ သိမြင်ထားသူတစ်ဦးပမာ ပြောဆိုလုပ်ကိုင်ခဲ့ဖူးကြောင်းနှင့် အကြောင်းမတိုက်ဆိုင်စွာ ဒုက္ခဆင်းရဲတွေ့ကြုံရရှာကြောင်း သိမီသူများကပြောကြသည်။)

မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆရာမင်းသိင်္ခ၏ (အသစ်တဖန်) ပြောကြားချက်ကို ၎င်း၏ တပည့် ဖြစ်သူ ဆရာ ဇင်ယော်နီက “မြန်မာနိုင်ငံ ကောင်းခါနီးပြီ။ အဲဒါကို သူမီချင်သေးတယ်၊ ကြည့်ချင် သေးတယ်ဆိုတဲ့စကားမျိုး သူပြောပါတယ်။ လွန်ခဲ့တဲ့ (၁) လဝန်းကျင်လောက်က ပြောသွားတာ” ဟုပြောသည်။

မဟာဂန္ဓရီခရီးစဉ်


ပါရဂူဘွဲ့ရရှိခြင်း
မဟာဂန္ဓာရီအဓိဋ္ဌာန် သုံးနှစ်ခရီးထွက်ခွာခြင်းကို ၁၉၉၇ ခုနှစ်မတ်လ၂၅ရက်နေ့တွင်စတင်သည်။ ဂန္ဓာရီခရီးစဉ်အပြီးတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့စွန်ရှိ၊ မရမ်း တလင်းအယူတော်မင်္ဂလာခြံနေထိုင်သည်။
အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပြီး ဆုသွားရောက် လက်ခံ မရယူခင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ဘဝနောက်ဆုံးအချိန်

နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေရသူ မင်းသိင်္ခသည် ဇူလိုင် (၄) ရက်က ဆေးရုံတက် ရောက်ကုသခဲ့ရပြီး ဆီးကြောပိတ်ကာ ခြေထောက် ဖြတ်ရမည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျန်းမာရေး ပြန်ကောင်းလာကာ (၁၅) ရက်နေ့ကမှ ဆေးရုံမှ ပြန်ဆင်းလာခဲ့သည်။၂၀၀၈ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၆ နာရီ ၂ မိနစ်အချိန်က ရန်ကုန်မြို့ရှိ သုခကမ္ဘာအထူးကုဆေးခန်းတွင် ကွယ်လွန်သည်။
မင်းသိင်္ခ၏ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က မင်းသိင်္ခ၏ နောက်ဆုံးအချိန်နှင့် ပတ်သက်၍ “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ ခြံကို ပြန်ရောက်လာတယ်။ မနေ့က မနက်ကမှ ထူးထူးဆန်းဆန်း စကားတွေပြောတယ်။ ငါ ထွက်တော့ မယ်တဲ့။ ငါ့အခန်းထဲကို ပို့တဲ့။ အခန်းထဲ ရောက်တာနဲ့ ငါပြီးပြီတဲ့။ အဲလို့ပြောပြီး အခန်းထဲ ဝင်သွား တယ်။ ဒီနောက် ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့ကမနက်က ဆေးခန်းကို ပို့လိုက်တာ။ (၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” ဟု ဆိုသည်။
၂၀၀၈ခုနှစ် ဩဂုတ်လ ၅ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရေဝေးသုဿန်၌ဂူသွင်းသဂြိင်္ုလ်သည်။ ဆရာကြီးကွယ်လွန်ချိန်တွင် ဇနီးဟောင်း ဒေါ်အေးအေး သားဖြစ်သူ မောင်မောင်သစ်၊ ညီဖြစ်သူ ဝင်းဇော်(သစ်တော)နှင့် ညီမတဦးတို့သာ ကျန်ရစ်ခဲ့သည်။ 

မင်းသိင်္ခ၏ထင်ရှားသောစာအုပ်အချို့

၁။ မနုစာရီ(၁၉၇၆)
၂။ ဆားပုလင်းနှင်းမောင်နှင့်ပိတုန်းသုံးကောင်(၁၉၇၇)
၃။ ဆားပုလင်းနှင်းမောင်နှင့်ခေါင်းမြီးခြုံလုံပါပေ့(၁၉၇၈)
၄။ ဆားပုလင်းနှင်းမောင်နှင့်မြိုင်ရာဇာတာတေ(၁၉၇၈)
၅။ ပုဏ္ဏားဘကွန်း(၁၉၇၈)
၆။ စနေမောင်မောင်(၁၉၇၉)
၇။ ဆားပုလင်းနှင်းမောင်နှင်မတစ်ထောင်တစ်ကောင်ဖွား(၁၉၇၉)
၈။ ဆားပုလင်းနှင်းမောင်နှင့်မမင်းဖြူမှန်မှန်ပြော(၁၉၇၉)
၉။ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား(၁၉၈၀)
၁၀။ ပြည်ကြီးမဏ္ဍိုင်မြကြီး(၁၉၈၀)
၁၁။ ဆားပုလင်းနှင်းမောင်နှင့်ပျားစွဲသောမုတ်ဆိတ်(၁၉၈၁)
၁၂။ ပက်ထရစ်ရွှေဂေါင်း(၁၉၈၁)
၁၃။ ဆားပုလင်းနှင်းမောင်နှင့်ဗိုက်ပူသူတော်(၁၉၈၂)
၁၄။ ဖြစ်ချင်တာဖြစ်မောင်ဘချစ်(၁၉၈၂)
၁၅။ ဆားပုလင်းနှင်းမောင်နှင့်မိုက်ခဲကျောက်ပွင့်(၁၉၈၃)
၁၆။ မသွားမီကရောက်နှင့်သည်(၁၉၈၃)
၁၇။ ပျော်ပါတယ် မောင်ပြည်သိမ်း(၁၉၈၃)
၁၈။ ဆားပုလင်းနှင်းမောင်နှင့်ဘမျိုးဘိုးတူဗယ်သန်ဘမှန်(၁၉၈၄)
၁၉။ ပြည်တော်ဝင်စနေမောင်မောင်(၁၉၈၄)
၂၀။ မောင်မင်းကြီးသားမောင်မြဖေ(၁၉၈၄)
၂၁။ ဆားပုလင်းနှင်းမောင်နှင့် မြကျွန်းပေါ်ကမျောက်သုံးကောင်(၁၉၈၅)
၂၂။ ဆားပုလင်းနှင်းမောင်နှင့်မြိုင်မဟာမမြလေး(၁၉၈၆)
၂၃။ ဘာဘာဘာမှမသိဘူး(၁၉၈၆)
၂၄။ မာလိန်မှူးထူးစိန်(၁၉၈၆)
၂၅။ စနေမောင်မောင်နှင့်ပါပလူမျိုးကိုးဆယ့်ကိုး(၁၉၈၇)
၂၆။ ဝတ္တုတိုပေါင်းချုပ် အမှတ်(၁)
၂၇။ ဝတ္တုတိုပေါင်းချုပ် အမှတ်(၂)
၂၈။ ပြောထုံးဖြစ်အောင်ငနက်ခေါင်(၁၉၈၈)
၂၉။ သူတော်စင်မလေးပုဏ္ဏရိက(၁၉၈၈)
၃၀။ မဟာမြိုင်ခရီးသည်(၁၉၉၃)
၃၁။ ဆားပုလင်းနှင်းမောင်နှင့်ဘုမ္မာဝတီအရှုပ်တော်ပုံ(၁၉၉၄)
၃၂။ မုတ်ဆိတ်ဖြူနှင့်အခြားဝတ္တုတိုများ(၁၉၉၄)
၃၃။ ဝေဒမောင်မောင်(၁၉၉၄)
၃၄။ တူသောဝတ္တုတိုများပေါင်းချုပ်(၁၉၉၅)
၃၅။ ပုဂံသားမောင်ဘမော်(၁၉၉၅)
၃၆။ မနောမယဖက်ဖူးယောင်(၁၉၉၅)
၃၇။ မနောမယမြသက်လှယ်(၁၉၉၅)
၃၈။ မနောမယလက်ဆောင် အမှတ်(၁) (၁၉၉၅)
၃၉။ မနောမယလက်ဆောင် အမှတ်(၂) (၁၉၉၅)
၄၀။ ပတ္တမြားမိုး(၁၉၉၆)
၄၁။ မနောမယပုတီး(၁၉၉၆)
၄၂။ မနောမယလက်ဆောင်ပေါင်းချုပ်(၁၉၉၆)
၄၃။ ဖီလိုဆိုဖာဦးမြသာ(၁၉၉၇)
၄၄။ မြေလျှောက်ဝိဇ္ဇာရွှေမြသာ(၁၉၉၇)
၄၅။ တားရော့ဟောနည်း(၂၀၀၁)
၄၆။ မတတ်ပါ့(၂၀၀၂)
၄၇။ မောင့်ညိုချော(၂၀၀၂)
၄၈။ဆားပုလင်းနှင်းမောင်နှင့်သေသောသူသည်သုဿန်သို့သွားသည်(၂၀၀၂) (ဒုတိယအကြိမ်ဖြစ်မည်၊ ၁၉၈၀ ဝန်းကျင်ကပုံနှိပ်သော စာအုပ်ဟောင်းကို ဖတ်ရှုရဖူးသည်။)
၄၉။ မအောင်ရင်
၅၀။ မြိုင်ဟေဝန်
၅၁။ မိုးနဲ့မြေ
(တစ်ပွဲစားဦးနှော) (မင်းဂွတ်သီးသုံးလုံး) စသောရုပ်ပြ ဇာတ်လမ်းအချို့လည်းထုတ်ဝေဖူးသည်။ (စတုမဟာရာဇ်) ဟူသော တိပ်ခွေအသံသွင်းဇာတ်လမ်းခွေလည်း ထွက်ရှိဖူးသည်။

 
Design by Dabloeng.com/